International News

ရှောက်ကောပါကော(ဖာလာစေ့) အား တရုတ်နိုင်ငံဈေးကွက်ရရှိရေး GACC နှင့် Protocol ရေးထိုးနိုင်ရန်လိုအပ်

Last Updated:

မြန်မာနိုင်ငံ ၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကံပိုင်တည်မြို့အနီး၊ နော်ဂူးကျေးရွာ ဒေသ၌ ဧက(၇၀၀)ခန့် စိုက်ပျိုးထားရှိသည့် ဘိန်းအစားထိုးသီးနှံဖြစ်သော ရှောက်ကော ပါကော (Common Seed Black Cardamon) (ဟင်းခတ်အမွှေးအကြိုင်) (H.S Code 090832 0000) အား ကံပိုင်တည်နယ်စပ်စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် အခက်အခဲများကြုံတွေ့နေသဖြင့် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အပင်နှင့်တိရစ္ဆာန်ထိန်းချုပ်ရေးဌာန၊ ကူမင်းအကောက်ခွန်ဌာနနှင့် ပေါင်စန်းအစိုးရရုံးနှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပါသည်။

ထိုသို့ချိတ်ဆက်ဆောင်ရွက်မှုများအရ ရှောက်ကောသီးနှံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တိုင်းရင်းဆေးအဖြစ် သတ်မှတ်ဆောင်ရွက်သည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံ၌ ဘိန်းအစားထိုးသီးနှံအဖြစ်စိုက်ပျိုးသည့်အတွက် ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် အထူးကုန်စည်ခေါင်းစဉ်အောက်တွင်ထားရှိ၍ သတ်မှတ်ပမာဏအတိုင်း တရုတ်နိုင်ငံသို့ ကံပိုင်တည်နယ်စပ်မှ တင်ပို့ရန် ခွင့်ပြုထားခြင်းဖြစ်ပါသည်။

အဆိုပါသီးနှံကို တိုင်းရင်းဆေးအဖြစ်တင်သွင်းမည်ဆိုပါက တရုတ်နိုင်ငံဗဟိုအစိုးရမှ တိုင်းရင်းဆေးများကို ရွှေလီနယ်စပ်ဂိတ်မှသာ တင်သွင်းရန် ခွင့်ပြုထားသည့်အတွက် အဆိုပါဂိတ်မှသာ တိုင်းရင်းဆေးအနေဖြင့် တင်သွင်းရမည်ဖြစ်ပါကြောင်းနှင့် တိုင်းရင်းဆေးအနေဖြင့် တင်သွင်းမည့်ကုန်စည်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများကို http://mp.weixin.qq.com/ s/byfEgj_tSAgoJ_kiwIGCPAတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့သို့ မြန်မာသံရုံး ပေကျင်းမြို့မှ မေးမြန်းချက်အရ ရှောက်ကောပါကော(Black Cardamon) သည် မြန်မာနိုင်ငံအတွက် တရုတ်တိုင်းရင်းဆေးအနေဖြင့် လည်းကောင်း၊ ဟင်းခတ်အမွှေးအကြိုင် အနေဖြင့်လည်းကောင်း ခွင့်ပြုအမျိုးအစားတွင် ပါဝင်ခြင်းမရှိပါသဖြင့် မြန်မာနိုင်ငံအနေဖြင့် ရှောက်ကောပါကောအား တရုတ်နိုင်ငံသို့ တင်ပို့ရေးအတွက် GACC သို့ လျှောက်ထားလိုပါက Protocol လက်မှတ်ရေးထိုးဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ကြာင်း သိရှိရပါသည်။

တင်သွင်းမည့် ပမာဏတိုးမြှင့်နိုင်ရေးအတွက်မူ ယခုနှစ်အတွက် သတ်မှတ်ပမာဏမှာ ချမှတ်ပြီးဖြစ်သည့်အတွက် နောက်လာမည့်နှစ်အတွက် တိုးမြှင့်ရရှိလိုပါက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commision)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (Ministry of Commerce) နှင့် အကောက်ခွန်အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တို့နှင့် ချိတ်ဆက်ဆောင်ရွက် ညှိနှိုင်းတောင်းခံရမည်ဖြစ်ပြီး GACC အပင်နှင့် တိရစာ္ဆန် ထိန်းချုပ်ရေးဌာန၏ Website ဖြစ်သည့် http://dzs.cutoms.gov.cn/dzs/2747042/3995819/ qtzwcp/4640167/index.html တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်းသိရှိရပါသည်။

 

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: International News